Tips - ကမ္ဘာပေါ်မှာ လူသိများ ကျော်ကြားတဲ့ ကုန်ပစ္စည်းအချို့မှာ စတင်အသုံးပြုနေပြီဖြစ်တဲ့ rPET ဆိုတာ ဘာလဲ သိပါသလား? ♻️
Greenies လေးတို့ရေ … 🍀
ကမ္ဘာပေါ်မှာ လူသိများ ကျော်ကြားတဲ့ ကုန်ပစ္စည်းအချို့မှာ စတင်အသုံးပြုနေပြီဖြစ်တဲ့ rPET ဆိုတာ ဘာလဲ သိပါသလား? ♻️
အချက် (၄) ချက်နဲ့ အကျဥ်းချုပ် လေ့လာကြည့်ကြရအောင် …
✅ rPET ဆိုတာ ဘာလဲ?
rPET ဆိုတာ PET လို့ခေါ်တဲ့ ရေသန့်ဘူး အချိုရည်ဘူးစတဲ့ သာမန်ပလက်စတစ်ဘူးတွေရဲ့ Polyethylene Terephthalate ကို ကုန်ကြမ်းအဖြစ် ပြန်လည် အသုံးပြုထားတဲ့ ပလက်စတစ် “Recycled Polyethylene Terephthalate” ဖြစ်ပါတယ်
PET ကို ရေသန့်ဘူး အချိုရည်ဘူးနဲ့ အခြား သောက်သုံးစရာအရည်တွေကို ထည့်သွင်း ထုပ်ပိုးတဲ့ နေရာမှာ သုံးလေ့ရှိပါတယ်
အဲဒီ အသုံးပြုပြီး ပလက်စတစ်ဘူးတွေကို စုဆောင်း စီကာဆင်ကာ နေရာချပြီး ပြန်လည် အသုံးပြုနိုင်မယ့် rPET ကုန်ကြမ်းအဖြစ် ထုတ်လုပ်ပါတယ်
rPET ဟာဆိုရင် အားကစားသုံး အဝတ်အထည်၊ ထုတ်ပိုးပစ္စည်း နဲ့ အခြား လူသုံးကုန်ပစ္စည်းတွေ အသစ်တဖန် ထုတ်လုပ်ဖို့ အသုံးဝင်ပါတယ်
✅ rPET ဟာ ပစ္စည်း အလေအလွင့်ဖြစ်မှုနဲ့ စွမ်းအင်ကို လျှော့ချပေးနိုင်တယ်
rPET က သာမန်ပလက်စတစ်နေရာမှာ အစားထိုးသုံးလို့ရတဲ့ recycle လုပ်နိုင်တဲ့ ပလက်စတစ်မျိုးဖြစ်ပြီး rPET ကို အသုံးပြုမယ်ဆို ပစ္စည်း ထုတ်လုပ်ဖို့ စက်ဆီ၊ လျှပ်စစ်၊ ကာဗွန်ထုတ်လွှတ်မှုတွေရဲ့ လိုအပ်ချက်က သာမန်ပလက်စတစ်တွေ ထုတ်လုပ်ရင် လိုအပ်တဲ့ ပမာဏထက် အများကြီး နည်းပါးပါတယ်
ပြီးတော့ rPET ပလက်စတစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုခြင်းအားဖြင့် ကမ်ဘာမြေပေါ်မှာ ဆွေးမြေ့ပျက်စီးဖို့ ခက်ခဲတဲ့ ပလက်စတစ် စွန့်ပစ်အမှိုက်တွေ များပြားလာမှုကိုလဲ တဖက်တလမ်းက လျှော့ချပြီးသား ဖြစ်သွားပါတယ်
✅ rPET ပလက်စတစ်ပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု နည်းစေမယ့် နည်းလမ်းတခု ဖြစ်တယ်
rPET ကို အသုံးပြုပြီး T-shirt ထုတ်လုပ်မှုဟာ သာမန်ပလက်စတစ်ကို အသုံးပြု ထုတ်လုပ်မှုထက် ကာဗွန်ထုတ်လွှတ်မှု ၅၀% လျော့ကျစေနိုင်ပါတယ်
ဥရောပနိုင်ငံတွေမှာဆိုရင် နည်းဥပဒေတွေ ပြဌာန်းသတ်မှတ်ပြီး လာမယ့် ၂၀၂၉ ခုနှစ်အတွင်း ၉၀% သော သောက်သုံးစရာ ပလက်စတစ်ဘူးတွေကို recycle ပြန်လည် အသုံးပြုနိုင်ဖို့ တိုက်တွန်းအားပေးနေပါတယ်
အခြားနိုင်ငံတွေမှာလဲ rPET ကို အသုံးပြုလာကြဖို့ အခွန် ကင်းလွတ်ခွင့်နဲ့ နည်းဥပဒေတွေ ရေးဆွဲပြီး အချို့သော ထုတ်ကုန်တွေမှာ ကုန်ကြမ်းအဖြစ် ထည့်သွင်းအသုံးပြုဖို့ လိုအပ်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် တိုက်တွန်းဆောင်ရွက်နေတာ ရှိပါတယ်
✅ rPET ကို ပုံစံအမျိုးမျိုးနဲ့ ထုတ်ကုန်အမျိုးမျိုးမှာ လွယ်ကူစွာ Recycle လုပ်နိုင်တယ်
rPET ကို အဝတ်အထည်၊ အိတ်၊ ထုပ်ပိုးပစ္စည်းနဲ့ မော်တော်ကားရဲ့ အစိတ်အပိုင်းတွေမှာတောင် အသုံးပြုနိုင်ပါတယ်
သာမန်ပလက်စတစ်နေရာမှာ လွယ်လွယ်ကူကူ အစားထိုး အသုံးပြုလို့ရပြီး အခုဆိုရင် နာမည်ကြီး ထုတ်ကုန်အများစုမှာ စတင် အသုံးပြုလာနေပြီ ဖြစ်ပါတယ်
Coca Cola ကုမ္ပဏီဟာ ၂၀၃၀ ခုနှစ်အထိ သူတို့ရဲ့ အချိုရည်ဘူးတွေမှာ rPET ၅၀% ကို အသုံးပြုသွားမယ်လို့ ကတိပြုထားပြီး Nestlé အနေနဲ့ ၂၀၂၅ ခုနှစ်အထိ ရေသန့်ဘူးတွေကို rPET ၁၀၀% အသုံးပြု ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်
ကိုးကားချက် (References):
https://yoyarlay.com/polyethylene-terephthalate-plastic/
https://everydayrecycler.com/rpet-plastic/

Comments
Post a Comment