ငလျင်လှုပ်ခတ်မှု ဖြစ်ပြီးတဲ့အခါ နောက်ဆက်တွဲ ထိခိုက်သက်ရောက်မှု (၁၀) ချက်

Greenies လေးတို့ရေ … 🍀

သဘာဝဘေးအန္တရာယ်တစ်မျိုးဖြစ်တဲ့ ငလျင်လှုပ်ခတ်မှု ဖြစ်ပြီးတဲ့အခါ နောက်ဆက်တွဲ ဘယ်လို ထိခိုက်သက်ရောက်မှုတွေ ရှိနိုင်သလဲ?

ငလျင်ဒဏ်သင့် ဒေသနဲ့ အနီးဝန်းကျင် ဒေသတွေမှာ ဖြစ်လာနိုင်မယ့် ဘေးအန္တရာယ်တွေနဲ့ သတိပြုရမယ့် အချက်တွေကို လေ့လာကြည့်ကြရအောင် … 💚




🚨 မြေလွှာ လှုပ်ခတ်တုန်ခါမှု (Ground Shaking)

ငလျင်စတင်လှုပ်ခတ်ပြီဆိုရင် ပထမဆုံး သိသာထင်ရှားတဲ့ လက္ခဏာဖြစ်တဲ့ မြေကြီးရဲ့ တုန်ခါမှုကို သတိပြုမိကြမှာ ဖြစ်ပါတယ် လှုပ်ခတ်တဲ့လှိုင်း အမျိုးအစားအနေနဲ့ P wave နဲ့ S wave လို့ (၂) မျိုးရှိပြီး P wave က တစ်နာရီကို မိုင်ပေါင်း ၁ သောင်း ၅ ထောင် အမြန်နှုန်းရှိတာကြောင့် တိုက်တာအဆောက်အဦတွေကို စတင်လှုပ်ခတ်စေတဲ့ လှိုင်းဖြစ်ပါတယ် S wave ကတော့ အလွန် အန္တရာယ်ရှိတဲ့ လှိုင်းဖြစ်ပြီး အဆောက်အဦတွေကို အလျားလိုက် ဘေးတိုက် တုန်ခါမှု ဖြစ်စေတာကြောင့် လျင်လျင်မြန်မြန်ပဲ ပြိုကျပျက်စီးစေတာ ဖြစ်ပါတယ်

🚨 မြေကြီး ကွဲအက်မှု (Ground Fault)

မြေလွှာ ကွဲအက်ကြောင်းတွေ ဖြစ်ပေါ်လာတာကတော့ ငလျင်လှုပ်ခတ်ပြီးတဲ့အခါ ကြုံတွေ့ရမယ့် နောက်ဆက်တွဲ သက်ရောက်မှုတွေထဲက တစ်ခုဖြစ်ပါတယ် မြေအက်ကြောင်းရဲ့ အကျယ်နဲ့ အနက်ပေါ်မူတည်ပြီး ထိခိုက်ဆုံးရှုံးမှု အမျိုးမျိုးဖြစ်နိုင်ပါတယ် ဥပမာအားဖြင့် မြေအက်ကွဲမှုကြောင့် ဓာတ်ငွေ့ပိုက်လိုင်းတွေ ဥမင်လှိုဏ်ခေါင်းတွေနဲ့ ရေမြောင်းတွေ ထိခိုက်ပျက်စီးစေပါတယ်

🚨 မြေလွှာ အက်ကြောင်းများ ဖြစ်ပေါ်လာမှု (Ground Rupture)

ငလျင်ဖြစ်ပြီးတဲ့နောက်မှာ မြေလွှာမှာ အက်ကြောင်းအငယ်စားလေးတွေ ဖြစ်ပေါ်လာတာကြောင့် စိုက်ပျိုးရေး လုပ်ဆောင်ဖို့နဲ့ အက်ကြောင်းပေါ်မှာ တည်ဆောက်ထားတဲ့ တိုက်တာအဆောက်အဦတွေမှာ ဆက်လက်နေထိုင်ဖို့ ခက်ခဲခြင်းတွေ ကြုံတွေ့လာရနိုင်ပါတယ်

🚨 အဆောက်အဦများ ပြိုကျပျက်စီးမှု (Damage to Buildings)

ငလျင်လှိုင်းဒဏ်ကြောင့် သိသာထင်ရှားတဲ့ ထိခိုက်ဆုံးရှုံးမှုကတော့ တိုက်တာ အဆောက်အဦတွေ ပြိုကျပျက်စီးတာပဲ ဖြစ်ပါတယ် အဲဒါကြောင့် ငလျင်စတင်လှုပ်ခတ်ပြီဆိုတာနဲ့ အဆောက်အအုံတွေနဲ့ ဝေးရာဖြစ်တဲ့ ကွင်းပြင်လိုနေရာမျိုးကို သွားရောက်ရှောင်တိမ်းနေရမှာ ဖြစ်ပါတယ်

🚨 လမ်းတံတားများ ပြိုကျပျက်စီးမှု (Damage to Bridges and Highways)

ငလျင်ကြောင့် အဆောက်အဦတွေသာမက တစ်နေရာနဲ့ တစ်နေရာ သွားလာရေးအတွက် အသုံးပြုတဲ့ လမ်းတံတားတွေလဲ ထိခိုက်ပျက်စီးနိုင်တာ ဖြစ်ပါတယ် ငလျင်လှုပ်နေစဉ်အတွင်း ခရီးသွားလာရေး ယာဉ်ပေါ်မှာ ရှိနေတယ်ဆိုရင် ယာဉ်ကို ရပ်တန့်ပြီး အလွယ်တကူ ပြိုကျနိုင်မယ့်အရာတွေဆီကနေ ထွက်ခွာပြီး လုံခြုံစိတ်ချရမယ့်နေရာမှာ ခိုလှုံနေသင့်ပါတယ်

🚨 လမ်းပန်းဆက်သွယ်ရေးစနစ်များ ပျက်စီးပြတ်တောက်သွားမှု (Disruption of Transportation and Communication)

ဆက်သွယ်ရေးစနစ်များ ပြတ်တောက်သွားခြင်းနဲ့ သွားလာရ ခက်ခဲခြင်းတွေက ငလျင်အပြီးမှာ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေး ပြုလုပ်ဖို့ အဆိုးရွားဆုံး ကြုံတွေ့ရမယ့် အခက်အခဲတွေပဲ ဖြစ်ပါတယ် လျှပ်စစ်မီး မရရှိတာကြောင့် တယ်လီဖုန်းလိုင်းတွေနဲ့ အင်တာနက် အသုံးပြုလို့ မရဘဲ အချင်းချင်း အဆက်အသွယ်ပြုလုပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေလဲ ဖြစ်လာမှာ ဖြစ်ပါတယ်

🚨 မီးလောင်ကျွမ်းမှု (Fire)

ငလျင်အတွင်း ဓာတ်ငွေ့ပိုက်လိုင်းတွေ ယိုယွင်းပျက်စီးနိုင်တာကြောင့် မီးဘေးအန္တရာယ်ကို အထူးသတိပြုသင့်ပါတယ် တိုက်တာအဆောက်အဦထဲမှာ ရှိနေတယ်ဆိုရင် ဓာတ်ငွေ့အသုံးပြုနေတဲ့ ပစ္စည်းကိရိယာတွေကို ပိတ်ထားသင့်ပါတယ် ဓာတ်ငွေ့ယိုစိမ့်တဲ့ အနံ့ရပြီဆိုရင်တော့ အဝတ်စတစ်ခုခုနဲ့ နှာခေါင်းနဲ့ ပါးစပ်ကို အသာဖိပြီး ဖုံးအုပ်ထားဖို့ လိုပါတယ်

🚨 ဆူနာမီ တိုက်ခတ်မှု (Tsunami)

ငလျင်လှုပ်ခတ်မှုကြောင့် ရေအောက်ကြမ်းပြင်က မြေလွှာတွေ ရုတ်တရက် လှိုင်းထကာ ဆူနာမီလိုမျိုး ဘေးအန္တရာယ်တွေ ဖြစ်လာတတ်ပါတယ် ကမ်းရိုးတန်းဒေသတွေအနေနဲ့ ငလျင်အပြင်းအထန် လှုပ်ခတ်ပြီးနောက်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အရေးပေါ်ကြေညာချက်တွေကို နားစွင့်ထားပြီး စက္ကန့်မလပ် သတိချပ်ရမှာ ဖြစ်ပါတယ်

🚨 မြေသားများ စိုစွတ်ပျော့ပြောင်းလာမှု (Soil Liquefactions)

ငလျင်လှုပ်ခတ်တဲ့အခါ မြေကြီးအက်ကွဲသွားတာကြောင့် မြေအောက်ရေတွေ စိမ့်ထွက်လာတဲ့အတွက် ကမ်ဘာပေါ်က မြေသားတွေက ပျော့ပြောင်းလာပြီး စိုက်ခင်းတွေ လေယာဉ်ပြေးလမ်းတွေနဲ့ ရထားလမ်းတွေကို ထိခိုက်ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်

🚨 မြေကျွံမှုနှင့် မြေပြိုမှု (Avalanches and Landslides)

ငလျင်ရဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ မြေသား ပျော့ပြောင်းလာမှုကြောင့် ကမ်းရိုးတန်းဒေသတွေနဲ့ တောင်ပေါ်ဒေသတွေမှာ မြေပြိုမှုတွေကြောင့် ထိခိုက်မှု ဖြစ်နိုင်ချေ အများဆုံး ဖြစ်ပါတယ် မြေပြိုမှုတွေကြောင့် လမ်းများ ပိတ်ဆို့ ပျက်စီးပြီး သွားလာဖို့ ခက်ခဲခြင်း နေအိမ်အဆောက်အအုံများ ပြိုကျပျက်စီးခြင်းများ ရှိတတ်တာကြောင့် အထူး သတိပြုဖို့ လိုတာ ဖြစ်ပါတယ်



ကိုးကားချက် (References):


Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Blog 👉https://dreamforgreenmyanmar.blogspot.com တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …


#DreamforGREEN #စိမ်းလန်းခြင်းအတွက်အိပ်မက် #GREENforAllonEarth #Tips #EffectsOfEarthquake

Comments